စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ် ရွှေပြည်အေးမြို့ကို တော်လှန်ရေးအဖွဲ့ လေးဖွဲ့ပေါင်း၍ သုံးရက်ကြာ စီးနင်းထားရာမှ ဖေဖော်ဝါရီ ၄ ရက် နံနက်ပိုင်းတွင် ပြန်လည်ဆုတ်ခွာသည်။ “ကျွန်တော်တို့ကတော့ စနစ်တကျ ခွာစစ်ဆင်ခဲ့ပြီ။ လောလောဆယ် မြို့ကို သူတို့ သာလွန်အင်အားသုံးပြီး ပြန်စီးပြီး နယ်မြေရှင်းလင်းရေးတွေ လုပ်နေတယ်” ဟု အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ခန္တီးခရိုင်၊ တပ်ရင်းအမှတ် (၁) ဟုမ္မလင်းအဖွဲ့နှင့် နီးစပ်သူတစ်ဦးက ပြောသည်။ ဟုမ္မလင်းမြို့ တောင်ဘက် မိုင် ၂၀ ခန့်အကွာ၊ အိန္ဒိယနယ်စပ်အနီး ချင်းတွင်းမြစ်အရှေ့ဘက်ကမ်းရှိ ရွှေပြည်အေးမြို့ကို ဒေသကာကွယ်ရေးအဖွဲ့များ (PDF) က အာဏာသိမ်းမှု နှစ်နှစ်ပြည့်သည့်နေ့ ဖေဖော်ဝါရီ ၁ ရက်တွင် ဝင်ရောက် သိမ်းပိုက်ခဲ့ခြင်းဖြစ်သည်။ တော်လှန်ရေးအဖွဲ့ ပြန်ထွက်သွားချိန်တွင် စစ်ကောင်စီက မြို့ပေါ်သို့ နယ်မြေရှင်းလင်းရေးဝင်နေပြီး ဒေသခံအချို့ သတ်ဖြတ်ခံနေရသည်ဟု စုံစမ်းသိရှိရသည်။ သတင်း၊ တင်ဆက် - ခင်ရီရီဇော်၊ ဟန်သစ် (လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)